ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံ
ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံ
ဗိုလ်ချပ်အောင်ဆန်း
၁၉၃၈ ခု၊ အောက်တိုဘာ လတွင် တို့ဗမာ အစည်းအရုံးသို့ သခင် အဖြစ် စာရင်း သွင်းခဲ့၏။ ဥပဒေတန်း၌ စခန်းကုန် သင်ရန် ကိစ္စ လည်းကောင်း၊ ကျွန်ုပ်၏ ရှေ့ အလားအလာ များကို လည်းကောင်း တပါတည်း အပြီးသတ် စွန့်လွှတ်ကာ ကျွန်ုပ်သည် ဩဂုတ်လ အတွင်း နှစ်ဝက် ကျောင်းပိတ်ရက် ရသည့် အခါမှ စ၍ တက္ကသိုလ် ကျောင်းတော်ကြီးမှ ထွက်ခဲ့၏။
ဥရောပတိုက်တွင် မြူနစ် အရေး ပေါ်ပေါက်လာခြင်း သည်ပင် ဒုတိယ ကမ္ဘာစစ်ကြီး မလွဲ ဖြစ်ရမည့် အရေးကို ကျွန်ုပ်၏ အသိဉာဏ် အတွင်း ထင်းကနဲ ပေါ်စေတော့၏။ ထို့ထက် စောစွာကပင် ၁၉၃၉ - ၄၀ ခုလောက်၌ ကမ္ဘာစစ် ဖြစ်မည့် အရေးကို ကျွန်ုပ်တို့ တစု တွက်ဆပြီး ဖြစ်၏။ ထိုအချိန် လောက်တွင် လက်နက် ဖြည့်တင်းရေး ကိစ္စများသည် နိုင်ငံကြီး များ၌ လုံးဝ ပြီးစီးမည် ဖြစ်သော ကြောင့်လည်း ကမ္ဘာ့ နှင့်အမျှ စစ်မီးလောင်ကျွမ်းချိန်တွင် တို့ဗမာများ မည်သို့ ခြေလှမ်း လှမ်းကြ မည်ကို ကျွန်ုပ်တို့ လူစု မတွေးဘဲ မပြောဘဲ မနေနိုင်ပြီး ပြောဆို ဆွေးနွေးကြ၏။
သို့သော် ထိုအခါက ကမ္ဘာစစ်ကြီး မလွဲဖြစ်တော့ မည်ကို တွက်ဆ မိရုံသာ တွက်ဆ မိ၍ ကန် အတိအကျကား ပြောဆို နိုင်ခဲ့သည် မဟုတ်သော်လည်း မြူးနစ် မြို့၌ အင်္ဂလိပ် နန်းရင်းဝန် ချိန်ဘာလိန်သည် မိုမို နိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာကိုမျှ မငဲ့ မထောက်နိုင် တော့ဘဲ ဟာရ် ဟစ်တလာကြအေး နှစ်သိမ့်ရေး အတွက် ဦးနှိမ့် လိုက်သည့် အခါတွင်ကား ကမ္ဘာစစ်ကြီး တံခါးမ၌ ဆိုက်ရောက် နေပြီ ဖြစ်ကြောင်းကို သဲထိပ်ရင်ဖို သိရှိ ရလေ တော့၏။ ကမ္ဘာ့ စစ်ကြီး အမှန် ဖြစ်ချေတော့မည်။ ဗမာ့ အခြေအနေအား အသို့နည်း။ဗမာတွေ ဘာလုပ် ကြမည်နည်း။ ဤပြဿနာ များကား ကျွန်ုပ်ရှေ့တွင် အလျှိုလျှို တသီကြီး ပေါ်လာ လေတော့၏။ တခု တည်းသော အဓိဌာန်ကို ရုတ်ခြည်း ပြုလိုက်၏။
"ငါ့အတွက် ဖြစ်လိုရာ ဖြစ်စေတော့၊ နိုင်ငံရေး ဂယက်ဝဲ အတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏ နိုင်ငံ လွတ်လပ်ရေး အတွက် မနေမနား စွန့်စား လုံးပမ်း တော့အံ့။"
ဤအဓိဌာန်ကို သန်သန်ကြီး ပြုလိုက် မိတော့၏။ မည်သူသည် ဤသို့ အခါကောင်း အခွင့်ထူး ရွှေလမ်းကြီး ဖြူးနေသည့် အခိုက် မျိုးတွင် ကိုယ့်နိုင်ငံ အတွက် စွန့်စားရေးကို လက်လွတ် ခံနိုင် ချိမ့်မည်နည်း။ ဟိသစ္စာ၊ ထိုစကား မှန်၏။ ကျွန်ုပ် အတွက် မှန်လှ၏။ ကျွန်ုပ် လက်လွတ် မခံ။ စွမ်းအားရှိသလောက် ကိုယ့်လူမျိုး ကြုံတွေ့ နေရသော ကြမ္မာဆိုးကို ကပြောင်းကပြန် မှောက်လှန် ထုတွေ အမြစ်ပါ နုတ်၍ ချေတော့အံ့။ သခင် အစည်းအရုံးမှ တဆင့် နိုင်ငံ လွတ်လပ်ရေး တိုက်ရန် တိုက်ပွဲ အတွင်းသို့ ကျွန်ုပ် စတင် သက်ဆင်း မိခဲ့ လေသည်။
ကျွန်ုပ် သခင် ဘဝတွင်း ဆင်းမိသည်နှင့် တပြိုင်နက် သပိတ်မှောက်မှု၊ စီတန်း လမ်းလျောက် အင်အားပြမှု တော်လှန်ရေး ဒီလှိုင်း တံပိုး တို့သည် တနိုင်ငံလုံး ဖုံးလွှမ်း သွားခဲ့ လေသည်။ ဗြိတိသျှ အစိုးရ ကလည်း ထကြွမှု များကို ငဲ့ညာမှု မရှိ ပြင်းထန်စွာ တန်ပြန် တိုက်လေ တော့၏။ ကျွန်ုပ်နှင့် တကွ ကြံရာပါ ဖော်တသင်းသည် (ကျွန်ုပ်တို့ကို ဖမ်းချုပ် လိုက်သည့် အင်္ဂလိပ် မင်းကြီး စကား အတိုင်း သုံးရက) "အစိုးရ အဖွဲ့ကို အင်နှင့် အားနှင့် တော်လှန် လုပ်ကြံမှု" ဖြင့် အစစ်အဆေး မရှိ ရန်ကုန်ထောင်တွင်း အတန်ကြာမျှ အကျဉ်း ချထားခြင်း ခံလိုက် ကြရ၏။
အမှန် မှာလည်း ထိုတော်လှန်မှု များတွင် ကျွန်ုပ်၏ အနည်းငယ် မျှသော လက်ရာသည် ပါသည် မှန်၏။ ပြောပြ လောက်သော လက်ရာကား မဟုတ်လှပါ။ ဤ အရေး များသည် အရှိန် ယူနေပြီ ဖြစ်သော ကမ္ဘာ့ စစ်ကြီးကို အကြောင်း ပြု၍ ပေါ်လာ ရမည့် မဝေး လှတော့သော ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံကြီး၊ မဟာ အခါကြီးများ အတွက် နိဒါန်း ကလေးမျှသာ ဖြစ်ကြောင်းကို ကောင်းကောင်းကြီး ထင်မြင် မိတော့၏။
ဥရောပစစ်
ကျွန်ုပ် ထင်သကဲ့ သို့ပင် အမှန်ပင် စစ်ဖြစ်ရ တော့၏။ ၁၉၃၉ခု၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဥရောပစစ် စတင် တိုက်လေသည်။ (ကျွန်ုပ်၏ အမှတ်အသား မမှားပါက) စစ် မကြေညာမီ ၂ ရက်ကပင် တို့ဗမာ အစည်းအရုံး ပြည်လုံးဆိုင်ရာ အလုပ် အမှုဆောင် အဖွဲ့၏ အထူး အစည်းအဝေးပွဲကို ကျင်းပကာ ပါတီ မရွေး ဗမာ့ လွတ်လပ်ရေးကို ချစ်သူ အားလုံး ပါဝင်၍ တို့ဗမာ အစည်းအရုံး နှင့် ဒေါက်တာ ဘမော်၏ ဆင်းရဲသား အစည်းအရုံးကို အခြေ ထားလျက် ဗမာ့ ထွက်ရပ်ဂိုဏ်း တခု တည်ထောင်ရန်ကို ဆုံးဖြတ် ခဲ့ကြ လေသည်။
အမှန် ပေါ်ပေါက် လာတော့မည် ဖြစ်သော ကမ္ဘာစစ်ကို ကြိုတင်၍ ဆုံးဖြတ်ချက် ချမှတ်ခြင်း ဖြစ်၏။ ဤ ဆုံးဖြတ်ချက် အတိုင်းပင် ဗမာ့ ထွက်ရပ် ဂိုဏ်းကြီး ကိုလည်း ဖွဲ့စည်း မိလေသည်။ ထိုဂိုဏ်းကြီး ပြန့်ပွားမှု အတွက် အနည်းငယ် မျှသာ စီမံရစဉ် မှာပင် ဗြိတိသျှ အစိုးရသည် နိုင်ငံအနှံ့ ဖမ်းဆီး ချုပ်နှောင်မှု များကို စတင် ပြုလုပ် လုပ်ရကား အဖမ်း ခံရသူများ အထဲတွင် အရာ ရောက်သော ထွက်ရပ်ဂိုဏ်း ခေါင်းဆောင်များ အားလုံးလောက် ပါဝင် သွားလေ တော့သည်။
ကျွန်ုပ်ကား တယောက်တည်း လွတ်ကျန် ရစ်သည်။ ကျွန်ုပ်အား အမှန် ဖမ်းမည့် အရေး မှာလည်း လျှို့ဝှက် ထားချက်ပင် ဆိုသော်လည်း အများ သိပြီး ဖြစ်လေပြီ။ ကျွန်ုပ်မှာလည်း ထိုအခါက အိန္ဒိယတွင် ရမ်ဂါ ကွန်ဂရက် အစည်းအဝေး တက်ရောက်၍ ဂန္ဒီ၊ ဂျဝါဟာလ်လာနေရူး၊ ဆူဘတ်စ်ဘို့စ် အစ ရှိသော ကွန်ဂရက် ခေါင်းဆောင် များနှင့် တွေ့ဆုံပြီး ဗမာ နိုင်ငံသို့ ပြန်ရောက်စ ဖြစ်၏။
အိန္ဒိယ နိုင်ငံတွင် ကျွန်ုပ်တို့ သွားလေရာ တို့၌ နောက်က အစိုးရ စုံထောက်များ ဇွဲကောင်းကောင်းနှင့် လိုက်နေကြောင်း သိခဲ့၏။ ဗမာ နိုင်ငံသို့ ကျွန်ုပ် ပြန်ရောက်သည် ဆိုလျှင်ပင် ကျွန်ုပ်တို့ အိန္ဒိယတွင် လုပ်ကိုင်ခဲ့ သမျှ ကိစ္စများ နှင့် ပတ်သက်သော အစီရင်ခံစာ တို့ကို စီရင်စုတိုင်းရှိ အရာရှိကြီး များထံ ဝေငှ ပေးပို့ ထားကြောင်း သိရှိ ရ၏။ သခင် အစည်းအရုံးကို မတရား အစည်းအရုံး အဖြစ် ကျေညာ လိမ့်မည် ဟူသော သတင်းများ မှာလည်း ပြန့်လျက် ရှိလေသည်။
ပေါ်ပေါက်လျှက် ရှိသော အခြေအနေ အားလုံးကို ခြုံ၍ ထင်မြင်အောင် ဆင်ခြင် ကြည့်ပြီးနောက် ပေါ်ပေါ်ထင်ထင် မနေဘဲ ခပ်လျှိုလျှိုး နေခြင်းသာ ကောင်းမည်ဟု တွေးတော မိသည့် အလျောက် ကြုံလာမည့်အရေး ဟူသရွေ့ကို ရင်ဆိုင်ရန် အသင့် စီစဉ် ရလေသည်။ သို့သော် ကျွန်ုပ် စီစဉ် သရွေ့ကို အပြီး အစီး မစီစဉ်ရ သေးမီ ကျွန်ုပ်၏ ရဲဘော် အားလုံး လောက်ပင် ထောင်တွင်း ရောက်ကုန် ကြလေပြီ။ ခြေရာပျောက် လျှို၍ နေရန်ကို လောလောဆယ် ကျွန်ုပ် စီမံရ လေတော့၏။ ခြေရာ ဖျောက်မိပြီး မကြာမီပင် ကျွန်ုပ်အား ဖမ်းဆီးရန် ဝရမ်း ထွက်၍ လာလေ တော့သည်။ ဆံခြည် တလုံးခြား လွတ်မြောက် သွားရခြင်းတည်း။ ဤသို့သာ မလွတ်မြောက် ပါက ကမ္ဘာစစ်ကြီး တာရှည် သလောက် မျှသာ မကမူဘဲ ကမ္ဘာ့ အရှေ့ပိုင်းတွင် အင်္ဂလိပ် အသေအချာ တည်မြဲသည့် အချိန်ထိ ကျွန်ုပ်၏ ဘဝကို အကျဉ်းထောင်တွင် မြှုပ်နှံခြင်း ပြုရတော့မည် ဖြစ်ရကား၊ အလုပ် မရှိ အချိန် အားသည်နှင့် အမျှ အရေး မပါသည့် ဒေါသကို မျိုသိပ် ကာသာ ဘာကိုမျှ လုပ်နိုင်မည် မဟုတ်သော ဘဝသို့ ရောက်ရတော့မည် အမှန်။
ဤနေရာ၌ ကြားဖြတ်သ ဘောဖြင့် စိတ်ဝင်စားဖွယ် အဖြစ်အပျက် ကလေးကို ချပ်၍ ပြောရဦးမည် ဖြစ်၏။ ကျွန်ုပ် တော်လှန်ရေး သမား တယောက် အဖြစ် ရှောင်တိမ်း မနေရခင် ရန်ကုန် တက္ကသိုလ် သမဂ္ဂမှ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး တဦး အဖြစ် ရွေးကောက် တင်မြှောက်ခဲ့၏။ အစည်းအဝေး တကြိမ်မျှသာ တက်ရောက် နိုင်ခဲ့၏။
ထိုအချိန် မှာပင် ပြင်သစ် နိုင်ငံကြီး မလွှဲ ပြိုအက် ပျက်ပြားမည့် အရိပ် နမိတ် တို့သည် ထင်ရှားလာလေသည်။ ပြင်သစ် သမ္မတ ဥက္ကဌ အမ်ရေနဒ်သည် ရုစဗဲ့လ် ထံသို့ နောက်ဆုံး အသနား ခံလိုက်သော အခါတည်း။ ထိုအခါက ဗမာနိုင်ငံ ပညာမင်းကြီး ဖြစ်သော အေ၊ ကင်းဘဲလ်သည် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် ပုဂ္ဂိုလ် တဦး ဖြစ်ခဲ့၏။ အုပ်ချုပ်ရေး အဖွဲ့၏ အစည်းအဝေး အပြီးတွင် ကင်းဘဲလ်သည် ကျွန်ုပ်အား သူ့ကားနှင့် တင်ခေါ်ခဲ့၏။ အင်္ဂလိပ် အရံ စာရင်းဝင် ဗိုလ်မှူးလေး (မေဂျာ) တယောက် ဖြစ်ရုံသာမက အလွန် ထက်လှသည်ဟု ထင်ရှားသော ကင်းဘဲလ်လို လူမျိုး တယောက်က ကျွန်ုပ်အား ဤသို့ ကားနှင့် တင်ခေါ်ခြင်းမှာ အလွန် ထူးခြား လာလေသည်။ ပိုထူးခြားချက်ကား ကျွန်ုပ် ကဲ့သို့သော သံမဏိ ဗြိတိသျှ ဆန့်ကျင်ရေး သမား တယောက်ကို ယခု စစ်ကြီးတွင် အင်္ဂလိပ်အား ကူညီပါမည့် အကြောင်း သနား စဖွယ် တုန်ယင်သော အသံဖြင့် တောင်းပန်ခြင်းပင် ဖြစ်လေသည်။ ကျွန်ုပ်က သူ တောင်းပန် သကဲ့သို့ မလုပ်နိုင် သဖြင့် ဝမ်းနည်း လှကြောင်းနှင့် စကားချီကာ အင်္ဂလိပ် နေရှင် စနစ်ကို ဖြိုဖျက်ရန်သာ ကျွန်ုပ် လုပ်ရ လိမ့်မည့် အကြောင်းကို ပြန်ပြော လိုက်ရ၏။
အရှေ့သို့
အရေးတော်ပုံကို ဆက်ရမည် ဆိုသော် ကျွန်ုပ်တို့ ထောင်အပြင် ဘက်တွင် ကျန်ရစ်သူ တစုမှာ စုဝေး စည်းရုံး၍ လက်နက် စွဲကိုင်ကာ တော်လှန်ရေး ပြဿနာကို ဆွေးနွေးမိ ကြတော့သည်။ ကျွန်ုပ်တို့တွင် လက်နက်လည်း မရှိ၊ ဘယ်သို့ လက်နက် ရအောင် ရှာရမည်နည်း။ ဤပြဿနာသည် ပေါ်ပေါက် လာလေ တော့၏။
နောက်တလ နှစ်လ အခါက ကျွန်ုပ်တို့သည် ဝင်ရိုးတန်း သူလျှို တယောက်နှင့် တွေ့ဆုံ မိကြ သဖြင့် နိုင်ငံတွင်းမှ နေ၍ အုပ်ချုပ်ရေး ဖျက်ဆီးမှု များကို အနှံ့အပြား ပြုလုပ်ကြရန် စီစဉ် ခဲ့ကြ သေး၏။ သို့သော် ထို အစီအစဉ်များ အတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။ ထိုအတွင်း မှာပင် ကျွန်ုပ်တို့၏ အဆက်အသွယ်မှာနှောင့်ယှက်မှု များကြောင့် ပျက်ပြား သွားရ လေသည်။ နောက်ထပ် တဖန် အဆက်အသွယ် ရအောင် ကြံကြ ပါသေး၏။ ဆက်သွယ်ရေး တာဝန် ကျသော ရဲဘော်အချို့ အဖမ်းခံ ကြရ ပြန်သဖြင့် နောက်ထပ် တဖန် အဆက်အသွယ် ရရန် အရေး သည်လည်း ပျက်ပြား ရပြန် လေသည်။ ဗမာ ရော်ဂျာကေးစ် တယောက် ပေါ်ပေါက် လာမှ ဖြစ်မည်ဟု ကျွန်ုပ်တို့ အားလုံး သဘော ကြိုက်ညီ ကြ၏။ ကျွန်ုပ်၏ ကိုယ်နှင့် အသက် ကိုပင် ဗမာ ရော်ဂျာကေးစ် အဖြစ် ယူရန် နိုင်ငံ အတွက် စွန့်လှူလိုက်၏။
ထို့ကြောင့် ၁၉၄၀ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ ဂျာမဏီ လေတပ်ကြီးက ရာဇဝင်တွင် မကြုံဘူးသော လေကြောင်း စစ်ပွဲကြီး ဆင်နွှဲကာ လန်ဒန် မြို့ကြီးကို တိုက်သောနေ့၊ ထိုနေ့တွင်ပင် ကျွန်ုပ်သည် ဗမာ နိုင်ငံတော်ကို တရုပ် သင်္ဘောသားများ စီမံခန့်ခွဲ မောင်းနှင်သည့် နော်ဝေပိုင် သင်္ဘောပေါ်တွင် တိတ်တဆိတ် ပုန်းအောင်း ထွက်ခွာ လိုက်ပါ သွားရ လေတော့သည်။ ယခု အခါ တပ်ပေါင်းစု ဗိုလ်တဦး ဖြစ်နေပြီ ဖြစ်သော ရဲဘော် တဦးလည်း ကျွန်ုပ်တို့နှင့် အတူ ကူညီဖော် အဖြစ် ပါခဲ့၏။ ကျွန်ုပ်၏ ခရီးဆုံး ဌာနမှာ အမွိုင်မြို့ ဖြစ်၍ ထိုမြို့မှ နေ၍ ကျွန်ုပ်၏ လုပ်ဆောင်စရာ ရှိသည့် ကိစ္စ အများကို ခန့်ခွဲ စီမံရမည် ဖြစ်၏။ ကျွန်ုပ် အဖြစ်ကား သန်းခေါင် လကွယ် တောအုပ်လယ်၌ ရောက်သူ ပမာ ရှိနေ တော့သည်။ ကျွန်ုပ် သွားရမည့် နေရာနှင့် ပတ်သက်၍ ကျွန်ုပ် ဘာတခုမျှ မသိ၊ ဆွေလည်း မရှိ၊ မျိုးလည်း မရှိ၊ ကမ္ဘာ့ အရှေ့ပိုင်းသားသည် အရှေ့ပိုင်း အကြောင်း အတုအယောင် မျှလောက်သာ သိ၏။ သိသမျှလည်း မရေရာလှ၊ ဆိုးရွားလေစွ။
တက္ကသိုလ် ကျောင်းတိုက်၌ တက္ကသိုလ် သမဂ္ဂ အိုးဝေ မဂ္ဂဇင်း စာတိုက် အဖြစ် လုပ်ကိုင် နေစဉ် ဦးဥတ္တမ ကိုယ်တော်ကြီး၏ ဟောပြောချက် များကို နာကြား ရ၏။ ထိုအခါ အသိဉာဏ် တခုသည် ကျွန်ုပ် ဦးနှောက်တွင်း ပွင်းလင်း လာ၏။ ထို့ကြောင့် သမဂ္ဂ ကျေညာချက်တွင် လည်းကောင်း၊ အိုးဝေ မဂ္ဂဇင်းတွင် လည်းကောင်း နိုင်ငံတော် ပညာတော် သင်များအား အနောက် နိုင်ငံသို့ လွှတ်ရိုး လွှတ်စဉ် အတိုင်း မလွှတ်ဘဲ အရှေ့အာရှ ဂျပန်နိုင်ငံ သို့သာ လွှတ်သင့်ကြောင်း၊ အရှေ့ကို ရှေ့ရှု သင့်ကြပြီ ဖြစ်ကြောင်း များကို ရေးသား ခဲ့ဖူး၏။ ဗမာနိုင်ငံလုံး အနှံ့ သပိတ်မှောက်မှုများ ပေါ်ပေါက် လာပြီးနောက် ထိုအခါ ဝန်ကြီးချုပ် အဖွဲ့က ပညာတော် သင်များကို ဂျပန်သို့ လွှတ်စ ပြုခဲ့ လေသည်။
ကျွန်ုပ် သခင် ဖြစ်လာသည့် အခါတွင် ကျွန်ုပ်တို့ ယနေ့တိုင် လမ်းလွှဲ လိုက်လျှက် ရှိကြ သည်ကို ထင်မြင် လာ၏။ အာရှ နိုင်ငံရေး သဘောများကို နှံ့စပ် ချောက်ချားအောင် ရှာဖွေ ဆည်းပူး သင့်ပါလျှက် ကျွန်ုပ်တို့၏ အဖိုး ထိုက်လှသော အချိန်များကို မဆီမဆိုင် လှသော အနောက်နိုင်ငံ အရေးများကို လေ့လာရခြင်းဖြင့် ဖြုန်းခဲ့ ကြမိသည့် အမှားကား ကြီးလှ၏။ ကျွန်ုပ် တက္ကသိုလ်တွင် ပညာ ဆည်းပူးစဉ်က နိုင်ငံ သမိုင်းကို ဘာသာ တရပ် အဖြစ် ယူခဲ့မိ၏။ ထိုသမိုင်း မှာလည်း အနောက်ပိုင်း သမိုင်း သာတည်း။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အမွေ ဖြစ်သော အလွန် ရှေးကျ ခဲ့သည့် ယဉ်ကျေးမှု ကြီးများ ပေါက်ဖွား တည်ထွန်းရာ တရုတ် နိုင်ငံကြီးနှင့် ခေတ်သစ် နိုင်ငံကြီး ဖြစ်သော ဂျပန် စသော အရှေ့ နိုင်ငံများ၏ အကြောင်းကိုကား ဝိုးဝါး မသေချာမျှသာ သိခဲ့ရ၏။ မဟာ အရှေ့ အာရှအကြောင်း၊ အထူးသဖြင့် နိပွန် သမိုင်းကို လေ့လာရန် စိတ်ပိုင်း ဖြတ်မိချက်မှာ အထူး နှောင်းသွား လေသည်။
စာအုပ် ဆိုင်များရှိ စာအုပ်များ မှာလည်း အင်္ဂလိပ်၊ အမေရိကန် ဝါဒဖြန့် စာအုပ် များသာ ဖြစ်၏။ ဂျပန်သည် အင်္ဂလိပ်အား တိုက်ရမည် ဟူသော စာအုပ် တအုပ် သာလျှင် ကျွန်ုပ် စိတ်ကြိုက်နှင့် တိုက်ဆိုင် မိသည်။ ထိုစာအုပ် ဖတ်ပြီးသည်က စ၍ ဗမာ့ လွတ်လပ်ရေးသည် အရှေ့ဘက် တွင်သာ ရှိ၏။ အရှေ့ရှိ နိပွန် တို့နှင့်သာ ရှိ၏ ဟူသော အချက်ကို ကျွန်ုပ် များစွာ ယုံကြည် နှလုံး သွင်းမိ ခဲ့တော့၏။ တက္ကသိုလ်တွင် ရှိစဉ် ကလည်း "ခေတ်သစ် ဂျပန်၏ တစတစ တိုးတက်မှု"၊ "ခေတ်သစ် ဂျပန်"၊ "ဂျပန် နိုင်ငံဖြစ်" နှင့် နိုင်ငံခြားရေးရာ ဆိုင်ရာ အသင်းမှ ၃ လ တကြိမ် ထုတ်ဝေသည့် "ခေတ်ပြိုင် ဂျပန်" ခေါ် ဂျာနယ် စသော စာအုပ်များ လောက်ကိုသာ ဖတ်ခဲ့ရ ဖူး၏။
ထို့ကြောင့်ပင် ကျွန်ုပ် အရှေ့သို့ ထွက်လာသည့် အရေးမှာ အမှောင်တိုက်တွင်း သက်ဆင်း သည်နှင့် တူလှ၏ဟု ကျွန်ုပ်ဆို၏။ လူငယ်တို့ တရှူးထိုး (တုံးတိုက် - ကျားကိုက်) စိတ်၏ လှုံ့ဆော်မှု ကြောင့်သာ ထွက်ခဲ့မိခြင်း ဖြစ်သတည်း။ အလုပ် အစီအစဉ် ဟူ၍ အတိအကျ ဘာမျှ ရှိသည် မဟုတ်ချေ။ ကျွန်ုပ်၏ မြော်မြင် တတ်သမျှ ဉာဏ်ဖြင့်သာ ကြုံရမည့် အရေး ဟူသရွေ့ကို စီမံ အုပ်စီးရန် ကျွန်ုပ်၏ ရဲဘော်များက အာဏာကုန် လွှဲအပ် လိုက်ခြင်း ဖြစ်လေသည်။ အဘယ်သို့ပင် ဖြစ်စေ ငါသည် အကယ်၍ သွားသည့် တိုင်အောင် မြတ်သော သေခြင်း၊ နိုင်ငံ အတွက် သေခြင်းသာ ဖြစ်သည်ဟု ကိုယ့်ကိုကိုယ် နှစ်သိမ့် ရတော့၏။ ၁၉၄၀ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်တွင် အမွိုင်မြို့သို့ ရောက်ခဲ့ လေသည်။
နိပွန်နိုင်ငံတွင်
အမွိုင်မြို့၌ ၂ လကြာ စောင့်ဆိုင်း ပြီးနောက် နိပွန် ဗိုလ်မှူးကလေး တဦး ကျွန်ုပ်တို့အား အခေါ် လွှတ်ကာ ဗမာနိုင်ငံရှိ ကျွန်ုပ်တို့၏ ရဲဘော်များက ပို့လိုက်သော ကျွန်ုပ်တို့၏ ဓာတ်ပုံ များကို ပြသလျှက် တိုင်ဝမ်ကျွန်းရှိ မစ္စတာ မီနာမီ ဆိုသူနှင့် တွေ့ကြုံလိုစိတ် ရှိ မရှိ မေးလေသည်။ တွေ့ရမည် ဆိုက အထူး ဝမ်းမြောက်သည့် အကြောင်း ပြောပြ သည်ကို အကြောင်း ပြု၍ ကျွန်ုပ်တို့ တိုကျို မြို့တော်သို့ ၁၉၄၀ ခု၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရောက်သွား လေတော့သည်။
ဟနေဒါ လေယဉ်ပျံ ကွင်းတွင် ဗိုလ်မှူးကြီး (ဝါ) မစ္စတာ မီနာမီသည် ကျွန်ုပ်တို့အား သူ့ လက်ထောက် တဦးနှင့် အတူ လာရောက် ကြိုဆိုလျှက် ရှိလေသည်။ ကာနယ် စူဇူကီးနှင့် အတူ ကျွန်ုပ်တို့သည် တိုကျို မြို့တော်၌ ၃ လကြာမျှ အလုပ် အစီအစဉ် များကို လုပ်ကိုင် စီစဉ်ကြ ပြီးနောက် ဂျပန် သင်္ဘော တစင်းဖြင့် ဗမာ နိုင်ငံသို့ ပြန်ခဲ့၍ ကျွန်ုပ်တို့၏ လုပ်စရာ လုပ်ငန်းများကို သိရှိ စေခဲ့ရ၏။ ရန်ကုန်မြို့သို့ ၁၉၄၁ ခု၊ မတ်လ ၃ ရက်တွင် ရောက်၍ မတ်လ ၉ ရက်နေ့ထိ နေ၏။ စစ်ပညာ သင်ကြားရန် အတွက် ပထမ နိုင်ငံချစ် လုလင် တစုကို ကျွန်ုပ်နှင့် တပါတည်း ခေါ်ဆောင် ခဲ့ကာ တိုကျိုမြို့သို့ သင်္ဘောဖြင့် ပြန်လာ ခဲ့၏။ မတ်လ၂၇ ရက်တွင် တိုကျိုမြို့သို့ ရောက်ခဲ့သည်။ ၁၀ ရက်ခန့်မျှ တိုကျိုတွင် နေပြီးနောက် စစ်အတတ် သင်ကြားရန် ဟိုင်နန် ကျွန်းသို့ ကျွန်ုပ်တို့ တစု ထွက်ခဲ့ကြလေသည်။ဇူလိုင် လလောက်တွင် ဗမာ နိုင်ငံတွင်းသို့ လက်နက်များ ပို့ဆောင်ရေးကို မစ္စတာ စူဇူကီးနှင့် အတူ ဆောင်ရွက်ရန် ကျွန်ုပ် ဟိုင်နန်မှ ယိုးဒယားသို့ ထွက်ခဲ့ လေသည်။ သို့သော် အင်ဒိုချိုင်းနားကို အတူ ပူးပေါင်း ကာကွယ်ရေး စာချုပ် တခု နိပွန်နှင့် ပြင်သစ်တို့ ချုပ်ဆို ပြီးသည့် အခါ တွင်ကား နိုင်ငံချင်း ဆက်သွယ်ရေးသည် အတော်ပင် ပျက်ပြား ဆိုးရွား လာလေရကား ကျွန်ုပ်မှာ နောက်ပိတ်ဆုံး အစီအစဉ် များကို အပြီးသတ် စီစဉ်ဆွေးနွေး ပြုလုပ်ရန် ဟိုင်နန်သို့ ပြန်ခဲ့ရ၏။ ထိုမှတဖန် တိုကျိုမြို့သို့ သွားရ ပြန်လေသည်။ အောက်တိုဘာလ အတွင်း၌ တဖန် ဘန်ကောက်သို့ ထွက်ခဲ့ရ ပြန်၏။ သို့သော် အရှေ့ အာရှ စစ်မကြေညာမီ ၂ ရက်လောက်တွင် ဆိုင်ဂွန်းမြို့သို့ ပြန်ပြေး ခဲ့ရ၏။ စစ်ကြေညာ ပြီးနောက် ယိုးဒယားနေ ဗမာများနှင့်ပင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ဖွဲ့စည်းရန် အတွက် ဘန်ကောက်သို့ ပြန်သွား ရ၏။
ဗမာ့ လွတ်လပ်ရေး တပ်မတော်
ဗမာ့ လွတ်လပ်ရေး တပ်မတော် သည် စစ်ကြောင်း သုံးကြောင်း ဖြန့်ကာ ဗမာနိုင်ငံ အတွင်းသို့ ဝင်ခဲ့၏။ (တနင်္သာရီမှ ဝင်သည်)။ မြောက်ဘက်၌ မဲဆောက်မြို့မှ လည်းကောင်း၊ တပ်မကြီးသည် မြစ်သာမှ လည်းကောင်း၊ ဝိတိုရိယ အငူမှ လည်းကောင်း ဝင်ရောက် ခဲ့ကြ၏။
ဗမာ့ လွတ်လပ်ရေး တပ်မတော် သည် ရန်သူ့ သံချပ်ကာ ကားများနှင့်ပင် ပဲခူး အနီး၌ တိုက်ကြရ၏။ မြိတ်မြို့ကို သိမ်းခဲ့၏။ ထားဝယ် သိမ်းရန်ကို နိပွန်တို့အား တွဲဖက် ကူညီ ပေးခဲ့၏။ ဟင်္သာတတွင် လည်းကောင်း၊ ဖျာပုံတွင် လည်းကောင်း တိုက်ပွဲများကို နွှဲလိုက် သေး၏။ မြစ်ဝကျွန်းပေါ် တခုလုံးကို သိမ်းရာတွင် ပုသိမ်၊ မြောင်းမြ တို့ကို သိမ်းနိုင် ခဲ့၏။ ဒေးဒရဲ၌ လေယဉ်ပျံ နှစ်စင်းကို ပစ်ချခဲ့၏။ ရွှေတောင် တိုက်ပွဲ တွင်ကား ပြင်းထန် ရွတ်ချွံစွာ တိုက်ခိုက်ကြ၏။ ရွှေကျင်မှာလည်း တိုက်ခဲ့သည်။ အထက်နိုင်ငံ သိမ်းယူ တိုက်ခိုက်ရေးတွင် ရန်သူများအား စစ်ပရိယာယ် ဆင်၍ ဝိုင်းမိအောင် နိပွန် တပ်မတော် ကြီးအား ကူညီရာ၌ ဧရာဝတီ အနောက်ကြောင်း ချီတက် ကူညီ ပေးခဲ့၏။ နိပွန် တို့နှင့် အတူ တိုက်ကာ ရခိုင်ကို သိမ်းကြ၏။ နိုင်ငံတွင်း ငြိမ်ဝပ် ပိပြားမှုကို တဖက်တလမ်း ကူညီ ဆောင်ရွက် လိုက်ရပြန်၏။
ဗမာ့ ကာကွယ်ရေး တပ်မတော်
အမြဲတမ်း စစ်တပ်ကြီး တခု၏ အခြေမျိုး ရောက်အောင် ၁၉၄၂ ခု၊ ဇူလိုင်လတွင် "ဗမာ့ လွတ်လပ်ရေး တပ်မတော်" ကို "ဗမာ့ ကာကွယ်ရေး တပ်မတော်" ဟူ၍ ပြောင်းလဲ ဖွဲ့စည်း လိုက်လေသည်။ ကျွန်ုပ်မှာ ထို တပ်မတော်၏ ဗိုလ်ချုပ်ကြီး ဖြစ်လာ ခဲ့ရ၏။ ဗမာ့ ကာကွယ်ရေး တပ်မတော် သည် ယခုအခါ စစ်မျက်နှာ၌ နိပွန် တို့နှင့် အတူ တွဲဖက် တိုက်ခိုက် နေပေပြီ။
ငါတို့၏ လုပ်ငန်း
ဗမာနိုင်ငံ၏ ကြမ္မာနှင့် ပတ်သက်၍ ကျွန်ုပ်သည် ဘယ်အခါကမျှ စိတ်သက်သာမှု မရရှိခဲ့ပေ။ အိပ်မက်များ တွင်မှာပင် ကျွန်ုပ်သည် ကျွန်ုပ်၏ မလွတ်လပ်သော နိုင်ငံ အတွက် ယောင်ယမ်းငိုခဲ့၏။ ဒေါသ ထွက်ခဲ့မိ၏။ ယခုအခါ ဗမာ နိုင်ငံတော်သည် လွတ်လပ်ပြီ ဖြစ်သဖြင့် အထူး နှစ်သိမ့် ကျေနပ် ရတော့၏။ သို့သော် ဗမာ နိုင်ငံတော်သည် အန္တရယ် ထူပြော လှသော ကန္တာရကြီးကို လုံးဝ ကျော်လွန်ပြီ မဟုတ်သေး။ စစ်ကြီးကား တိုက်လျှက် ရှိသေး၏။ အရေးတော်ပုံ ကြီး၏ သည်းထန်သော ဝေဒနာ ကြီးကို ကျွန်ုပ်တို့ နိုင်ငံသည် ခံရဆဲ ဖြစ်၏။ အရေးတော်ပုံ အောင်ပြီ ဟူသော ကြွေးကြော်သံကို ကျွန်ုပ်တို့ အော်ကြရန် မသင့်သေး။
ဗမာတိုင်း ဗမာတိုင်း အတွက် ကြီးလေး လှသော တာဝန် များသည် ရှေ့တွင် အများအပြားပင် ရှိကြ ကုန်၏။ ထိုတာဝန် များကို ကျေပွန်အောင် ထမ်းဆောင် နိုင်မှ အရေးတော်ပုံ လုံးဝ အောင်မြင်မည် ဖြစ်၏။ ဤသို့ အချက်အခြာ သေရေး ရှင်ရေး အခါကြီး မျိုးတွင် အစိုးရ၏ ဉာဏ်စွမ်း ဉာဏ်စ တခုတည်း အပေါ် မှာသာ အားကိုးမည့် အစား မိမိတို့၏ ဉာဏ်စွမ်း ဉာဏ်စ၊ မိမိတို့ ဖာသာ စည်းရုံးမှု၊ အချင်းချင်း ယိုင်းပင်း ကူညီမှုများအပေါ်တွင် အားထား ဆောင်ရွက် ကြရန် ဗမာတိုင်း၊ ဗမာတိုင်း နားလည် သင့်၏။ နိုင်ငံသူ နိုင်ငံသားများ ပူးပေါင်း ဆောင်ရွက်မှု မရှိ သော အစိုးရသည် အချည်းအနှီးသာ ဖြစ်၏။ အထူးသဖြင့် လမ်းပန်း အဆက်သွယ် ပျက်ပြား၍ အရာရာ ရှားပါးလှသော ခေတ်ဆိုး အခါမျိုးတွင် နိုင်ငံသူ နိုင်ငံသား များ၏ ကူညီ ယိုင်းပင်းမှု မရှိပါက အစိုးရမှာ ဘာကိုမျှ တတ်နိုင်မည် မဟုတ်။
လက်တွေ့ ထင်ရှားသော သာဓက တခုကို ပြအံ့။ နိုင်ငံနှင့် အနှံ့ ပြန့်ကာ ရှိသော ဓားပြ မှုများကို ကြည့်ပါကုန်။ မြို့ရွာ များကို ဓားပြ ဘေးရန်မှ ကာကွယ်ရန် အတွက် ရဲအဖွဲ့၏ အကာအကွယ်ချည်း အားကိုး နေမည်ထက် မိမိတို့ အချင်းချင်း စည်းလုံး ကာကွယ်မှုကို ပို အားထား ရမည် မဟုတ်ပါလော။ အသေးအဖွဲ ကစ အစိုးရ လိုက်၍ စွက်နိုင်မည် မဟုတ်ချေ။ မြို့တိုင်း ရွာတိုင်းတွင် မြို့သား၊ ရွာသား များသည် မြို့ရွာ ကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်း ကာကွယ် နိုင်ရမည်။ မိမိ ရွာနှင့် ဆိုင်ရာ နယ်တွင်းမှ၊ မိမိမြို့နှင့် ဆိုင်ရာ နယ်တွင်းမှ လူဆိုးကို မိမိတို့ ဘာသာ ထိန်းသိမ်း စောင့်ရှောက် နိုင်ပါစေ။ ကာကွယ်ရေး၊ စည်းကမ်း သေဝပ်ရေး၊ စောင့်ရှောက် ကူညီရေး၊ မိမိတို့ ကိုယ့်ကိုကိုယ် အားထား ယုံကြည်ရေး၊ လတ်တလော အရေးကြီးသည့် လေကြောင်းရန် ကာကွယ်ရေး၊ မီးသတ်ရေး များကို မြို့တိုင်း ရွာတိုင်း ကိုယ့်လူကိုယ် ညွန်ကြား သင်ပြ နိုင်ကြ ပါစေ။
ဖော်ပြခဲ့သည် တို့မှာ စောင့်ရှောက်ရန် ရှိသမျှ ကိစ္စများမှ တခုတည်း မျှကိုသာ အကြမ်း အားဖြင့် ဖော်ပြခြင်း ဖြစ်၏။ အကြမ်း သက်သက်မျှသာ ဖြစ်သည်ကို သတိ ပြုလော့။ တို့ဗမာတိုင်း ကိုယ့်ရွာ အတွက် တာဝန်ကို လည်းကောင်း၊ ကိုယ့်နိုင်ငံနှင့် ဆိုင်ရာ တာဝန်ကို လည်းကောင်း ကိုယ့်ဖာသာ တွေးဆ ထားပါလေ။ အရေး ကြုံလျှင် ကိုယ့်တာဝန်ကိုယ် ကျေပွန်ရန် အဆင်သင့် ရှိပါစေ။ ဤသို့ စည်းလုံးမှု၊ ကူညီယိုင်းပင်းဆောင်ရွက်မှု ရှိသော လူမျိုးသည် ဓားပြ ဘေးရန် လောက်ကိုသာ မဟုတ်၊ ကိုယ့်နိုင်ငံကို ဝင်ရောက် တိုက်ခိုက်မည့် ရန်သူများ ကိုသော်မှ ခုခံ နိုင်စွမ်းမည် ဖြစ်ကြောင်းကို (နယ်တနယ်ကို တိုက်ခိုက် သိမ်းယူရန် လွယ်သော်လည်း၊ လူမျိုး တမျိုးကို သိမ်းသွင်းရန်မှာ မလွယ်) ဟူသော သေနင်္ဂ ပရိယာယ် ကျမ်းတွင် အတိအလင်း လာရှိသည့် ဆိုရိုး စကား တခုက ထင်ရှား စေလေပြီ။
ဗိုလ်ချုပ် အောင်ဆန်း၏ "ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံ" PDF စာအုပ်ဒေါင်းလိုဒ်လုပ်ရန်
အောက်ကလင့်ကိုနှိပ်ပါ
No comments
Post a Comment