““မှတ်မိသမျှ - ကိုအောင်ဆန်း၏ ကျောင်းသားဘ၀”
ဗိုလ်ချုပ်အောင်ဆန်း (ဝါ)သခင်အောင်ဆန်း(ဝါ)ကိုအောင်ဆန်းနှင့် ကျောင်းနေဘက် နိုင်ငံရေးလုပ်ဖေါ်ကိုင် ဘက် တဦးဖြစ်ခဲ့၍ ကျောင်း၌နေစဉ်က မှတ်မိသမျှကို မှတ်တမ်းတင်လိုက်သည်။ ကိုအောင်ဆန်းသည် ကျွန်တော်တို့ ထက် ၂ နှစ်စော၍ တက္ကသိုလ်သို့ ရောက်ရှိနေပါသည်။ ကိုအောင်ဆန်းကို ကျွန်တော်တို့အတန်း ဆင်းချိန်နှင့် သူအတန်းတက်ရန် သုတ်သီးသုတ်ပျား လာချိန်တို့တွင် “အင်း” ဆောင်ရှေ့တွင် မကြာခဏ ဆုံစည်းမိတတ်ကြပါ သည်။ နောက် ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ ခင်မင်ရင်းနှီးလာခဲ့ကြသည်။
ကိုအောင်ဆန်း၏ ကျောင်းသားဘဝ ဝတ်ပုံဆင်ပုံမှာ ကျွန်တော်တို့အဖို့ အထူးအဆန်း မဟုတ်သော်လည်း အများအဖို့ အတော်ကြီးထူးဆန်းနေသလို ဖြစ်ခဲ့ပါသည်။ ရှပ်အင်္ကျီကို ကြယ်သီးအပြည့်မတတ်ဘဲ ပင်နီအပေါ်အင်္ကျီ ကို ကပိုကရိုဝတ်၍ မန္တလေးလိုချည် အနွမ်းကိုပင် ဆင်မြန်းကာ ဆံပင်စုတ်ဖွားနှင့် သင်ကြားပို့ချချက်များလိုက်ရန် မှတ်စုစာအုပ်လက်တွင်ကိုင်ပြီး စိုက်စိုက် စိုက်စိုက် သွားတတ်သည်ကို ယခုတိုင်ပင် မှတ်မိလျက်ရှိပါသည်။
ကျွန်တော်တို့ အသိမိတ်ဆွေ သူငယ်ချင်းများနှင့်တွေ့လျှင် ကိုအောင်ဆန်းသည် ပြုံး၍သာ နှုတ်ဆက်ပြီး ရှေ့ဆက်စိုက်စိုက် စိုက်စိုက်သွားလေ့ရှိပါသည်။ တခုခုကို အစဉ် အာရုံစိုက်ပြီး နေသောအသွင်မှာ အမြဲထင်ရှား၍ နေပါသည်။ ကိုအောင်ဆန်းသည် ကျောင်းတွင် သူငယ်ချင်းများနှင့် “ဟေးလား - ဝါးလား” စကားဖွဲ့လေ့မရှိပါ။ သင်ကြားပို့ချသမျှကို အမြဲ အာရုံစိုက်ပြီး နားထောင် မှတ်သားလေ့ရှိပါသည်။ ထို့ကြောင့်လည်း ကိုအောင်ဆန်း စာမေးပွဲတိုင်း ကောင်းစွာအောင်မြင်သည်ချည်း ဖြစ်ပါသည်။ ။
ကိုအောင်ဆန်းနှင့် ခင်မင်ရင်းနှီးလာပြီး သူ၏အခန်းသို့ သွားရောက်လည်ပတ်သောအခါ သူ၏အခန်းမှာ မသေသပ်ဆုံး အခန်းတခု အမြဲဖြစ်နေသည်ကို ကောင်းစွာသတိပြုမိသည်။ တခါတရံ ကိုအောင်ဆန်းသည် ညလုံးပေါက် စာဖတ်လေ့ရှိပါသည်။ စာသင်ခန်းတွင် နှုတ်ဆိပ်သလောက် သူ၏အခန်းရောက်၍ စကားစမိလျှင် ကိုအောင်ဆန်းသည် အာပေါင်အာရင်းသန်သန်နှင့် စိတ်ပါလက်ပါ ပြောလေ့ရှိပါသည်။ မည်သည်ကိုလေ့လာ လေ့လာ နှိုက်နှိုက်ချွတ်ချွတ် အပင်ပန်းခံပြီး လေ့လာတတ်ပါသည်။ ထို့ကြောင့် ကိုအောင်ဆန်းစကားပြောလျှင် ပိုင်ပိုင်နိုင်နိုင် ပြောလည်းပြောနိုင်ပါသည်။ သူ၏ပြောဟန်ထဲမှ “ဒီမယ် “ဒီမယ်”ဟု ပြောပုံများ “ကိုယ့်လူ-ကိုယ့်လူ”ဟု ပြောပုံ များမှာ နားထဲတွင်စွဲ၍ ယနေ့တိုင် ရှိနေပါသေးသည်။
တညနေတွင် သထုံဆောင်၌နေသော ကိုကျော်ငြိမ်း(ယခု ဒုဝန်ကြီးချုပ်)၊ ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ သုံးဦးသာ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင် (ယခု ကုလားလက်ဘက်ရည်ဆိုင်များ) တွင် ရောင်းနေသော အကြော်ဆိုင်၌ တဝစားကြပြီး အင်းလျားကန်ဘက်ကို လျှောက်ကြပါသည်။ ဘင်္ဂါလီလူငယ်များ ၏ ခြောက်လှန့်သတ်ဖြတ်ရေးဝါဒ(Terrorism) ကို သူရွံရှာ မုန်းတီးပုံ အားရပါးရ ပြောပြီးလျှင် သူသည် တဦးချင်း လူစွမ်းကောင်းဝါဒကို မုန်းတီးကြောင်း၊ စုပေါင်း စည်းရုံးလုပ်ကိုင်ခြင်း (organized action) ကိုသာ ယုံကြည်ကြောင်း တနာရီကျော်ကျော်ခန့် ပြောနိုင်ခဲ့ပါသည်။ ။
ကိုအောင်ဆန်းဓါတ်ပုံမှာ အတော်ကြီးစံနစ်ကျလှပါသည်။ ပထမစာအုပ်၏ မာတိကာကို ကောင်း စွာ မှတ်သားပါသည်။ နောက်တခန်းစီဖတ်လျက် ဖတ်ပြီးသား အခန်းများ၏ အချုပ်သဘောကို မှတ်စုစာအုပ်ဖြစ်စေ၊ စာရွက်လွတ်၌ဖြစ်စေ မာတိကာခေါင်းစဉ်ချ၍ အတိုချုပ် (summary) မိမိဘာသာမိမိ ရေးသားလေ့ရှိပါသည်။ ကိုအောင်ဆန်းသည် ကျောင်းစွာနှင့် အပြင်စာ နှစ်ခုလုံးကို ကျေလည်အောင် ဖတ်နိုင်သော သတ္တိရှိသူဖြစ်လေသည်။
ထိုခေတ်အခါက ပေါ်ပေါက်နေသော ပြဿနာများ၊ အခြေအနေများကို မကြာခဏဆိုသလို ကိုအောင်ဆန်းနှင့် ဆွေးနွေးကြပါသည်။ ကိုအောင်ဆန်းသည် အပြီးအဖြန်းမပါဘဲ လိုရင်းချက်များကို ပြတ်ပြတ် သားသား တစ်တစ်ခွခွ ဖေါ်ထုတ်လေ့ရှိပါသည်။ စာရေးရာတွင်လည်း အင်္ဂလိပ်ဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် ဖြစ်စေ၊ ထိထိမိမိ ထင်ရှားပေါ်လွင်အောင် ရေးသားနိုင်ပါသည်။ ၂ ဘာသာစလုံးကို ကောင်းကောင်းကြီး ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်သူများ နည်းပါးသော်လည်း ကိုအောင်ဆန်းမှာ ထိုသို့ရေးနိုင်သူတဦး ဖြစ်ပါသည်။ ။
ကိုအောင်ဆန်း ဥပဒေတန်း ပထမနှစ်သင်ကြားနေခိုက် ထိုစဉ်က ကွယ်လွန်သူ ဒေါက်တာ သိန်းမောင် ဦးစီးသော မြန်မာပိုင် အင်္ဂလိပ်သတင်းစာ “နယူးဘားမား”တွင် အချိန်ပိုင်း အယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပါသည်။ ကျွန်တော်လည်း ထိုသတင်းစာတွင်ပင် အချိန်ပိုင်း သတင်းအယ်ဒီတာအဖြစ် လုပ်လျက်ရှိပါသည်။
ကျွန်တော်တို့ ၂-ဦးစလုံးသည် ညနေ ၃-နာရီခွဲကျော်မှ သတင်းစာတိုက်သို့ ရောက်ကြပါသည်။ သတင်းစာတိုက် ရောက်လျှင် ကိုအောင်ဆန်းသည် နောက်တနေ့အတွက် သတင်းခေါင်းကြီးကို ကြိုတင်စဉ်းစားလာခဲ့သည့်အတိုင်း ထိုင်ရာမထ ဆိုသလို တထိုင်တည်းနှင့် အပြီး ရေးလေ့ရှိပါသည်။ ကိုအောင်ဆန်းရေးခဲ့သော သတင်းစာခေါင်းကြီးပိုင်း များမှာ နယ်ချဲ့ဆန့်ကျင်ရေးများသာ ဖြစ်ကြပါသည်။ အင်္ဂလိပ်စာကိုရေးရာ၌ နိုင်နင်းသည်နှင့်အမျှ ခက်ခဲလှသော ပြဿနာတို့ကို ရှင်းလင်းပီသစွာ ဖေါ်ထုတ်နိုင်ခဲ့သဖြင့် နယ်ချဲ့အစိုးရနှင့် နိုင်ငံရေးရပ်ကွက်တို့တွင် ကိုအောင်ဆန်း၏ “ခေါင်းကြီးပိုင်း”များကို လေးလေးစားစား ရှိခဲ့ကြရလေသည်။
မြန်မာဆောင်းပါးများကိုမူ “မဟာဒဂုန်” မဂ္ဂဇင်းကြီး၌ ရေးလေ့ရှိခဲ့ပါသည်။ မြန်မာဆောင်းပါးများ ရေးသောအခါတွင်လည်း ကိုအောင်ဆန်းသည် မြန်မာသိ ပီပီသသနှင့်သာ ရေးလေ့ရှိခဲ့ပါသည်။ ဟောပြောရာ၌မူ ကိုအောင်ဆန်းသည် “”များများပါပြီး ပြောချင်ဇော ကြီးနေသည်ကို မကြာခဏ ကြုံရတတ်ပါသည်။ “အိုးဝေ” မဂ္ဂဇင်းစာတည်းအဖြစ် ကိုအောင်ဆန်း ဆောင်ရွက်နေစဉ်က “ငရဲခွေးကြီးလွတ်လာလေပြီ” ဟူသော အင်္ဂလိပ်စာ ကဏ္ဍပါ ဆောင်းပါးမှာ တက္ကသိုလ်နယ်မြေသာမက တနိုင်ငံလုံး သိမ့်သိမ့်တုန်သွားခဲ့ပါသည်။ ထိုဆောင်းပါးတွင် ဖွင့်ချလိုက်သောအချက်များကို အကြောင်းပြု၍ ကျောင်းသားအရေးတော်ပုံ ပေါ်ခဲ့ရလေသည်။ ဗမာ့နိုင်ငံရေးဖြစ်စဉ် တွင် မှတ်တိုင်ကြီးတခုဟု ဆိုနိုင်ပါသည်။ ။
သမဂ္ဂကိစ္စများကို ဆောင်ရွက်ရာတွင်လည်း ကိုအောင်ဆန်းသည် အပင်ပန်းခံကာ အစား အသောက် အအိပ်အနေကို ပမာမပြုဘဲ လုပ်လေ့ရှိပါသည်။ အလုပ်လုပ်ရမှာကို ဘယ်သောအခါမျှ ကြောက်ရွံ့ခြင်း မရှိသူများတွင် ကိုအောင်ဆန်းသည် ထိပ်ဆုံးက အမြဲရှိပါသည်။ ဇွဲလည်းအလွန် ပြင်းထန်ပါသည်။ ဘာလုပ်လုပ် စိတ်ရောကိုယ်ပါ လုပ်တတ်၍လည်း သူလုပ်သမျှမှာ ခရီးရောက်လေ့ရှိပါသည်။ ။
ကျောင်းသားဘဝ၌ ဟန်ရေးပြုခြင်းကို စက်ဆုတ်ပြီး ထိထိမိမိ လေ့လာမှတ်သားကာ ဇွဲရှိရှိနှင့် လုပ်ကိုင်သားကျသော ကိုအောင်ဆန်းသည် သခင်အောင်ဆန်းအနေနှင့်၎င်း၊ ဗိုလ်ချုပ်အောင်ဆန်းအနေနှင့်၎င်း နိုင်ငံ့တာဝန်တို့ကို မမောနိုင် မပန်းနိုင် ဆက်လက် ထမ်းဆောင်ပြီး နိုင်ငံလွတ်လပ်ရေးမုခ်ဦးသို့ အရောက်ပို့ဆောင်နိုင် ခဲ့ခြင်းမှာ ကျောင်းသားကျောင်းသူတိုင်း အားကျနည်းယူဘွယ်ပင် ဖြစ်တော့သည်။
ကျောင်းသား ကျောင်းသူတိုင်း ကိုအောင်ဆန်း နည်းတူ နိုင်ငံအတွက် ကြိုးပမ်းအားထုတ်နိုင်ကြ ပါစေ။ ။
သခင်ကျော်စိန်
(၁၉၆၀-၆၁ ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် အတွဲ(၄)၊ အမှတ်(၂)မှ ထုတ်နှုတ်ဖေါ်ပြပါသည်။)
No comments
Post a Comment